International News

Amazon နှင့် Googleတို့က အိန္ဒိယနိုင်ငံ၌ ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့သွားရန် ဝန်ကြီးချုပ်၏ အ‌မေရိကန်ခရီးစဉ်အတွင်း ထုတ်ပြန်ကြေညာ

Last Updated:

အမေရိကန်အခြေစိုက် Amazon နှင့် Google ကုမ္ပဏီတို့က အိန္ဒိယနိုင်ငံ၌ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများတိုးချဲ့သွားရန် ဝန်ကြီးချုပ်၏ အ‌မေရိကန်ခရီးစဉ်အတွင်း အသီးသီးထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Amazon ကုမ္ပဏီ၏ အမှု‌ဆောင်အရာရှိချုပ်  Andy Jassy က အိန္ဒိယနိုင်ငံတွင် လာမည့်သက္ကရာဇ် ၂၀၂၃၀ ပြည့်နှစ်တွင် အ‌မေရိကန်ဒေါ်လာ ၁၅ ဘီလီယံထပ်မံ၍ ရင်းနှီးမြှုပ်နှံသွားမည်ဟု ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ၏ ခရီးစဉ်အတွင်း ၎င်းနှင့်‌တွေ့ဆုံစဉ်က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယနိုင်ငံတွင် အလုပ်အကိုင်ပေါင်း ၂ သန်းကို ဖန်တီး‌ပေးရန်နှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းငယ်‌ပေါင်း ၁၀ သန်းကို ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုး‌စေရန် ရည်ရွယ်ထားပါ‌‌ကြောင်းနှင့် အိန္ဒိယနိုင်ငံအနေဖြင့် ပို့ကုန် ၂၀ ဘီလီယံတင်ပို့နိုင်မည်ဖြစ်‌ကာ ယင်းမှတစ်ဆင့် လာမည့် ၂၀၅၀ ပြည့်နှစ်တွင် အလုပ်အကိုင်နေရာပေါင်း ၂ သန်းကို ဖန်တီး‌ပေးသွားနိုင်မည်ဖြစ်‌ကြောင်း ၎င်းက ‌ပြောကြားခဲ့သည်။

Amazon India အနေဖြင့် ပြီးခဲ့သည့် ၇ နှစ်တာကာလအတွင်း အိန္ဒိယလုပ်ငန်းငယ် ၆ ဒဿမ ၂ သန်းကို ဒီဂျစ်တယ်စနစ်သို့ကူး‌ပြောင်းပေးခဲ့ပြီး၊ ပို့ကုန်တန်ဖိုး ၇ ဘီလီယံခန့်ကို တင်ပို့နိုင်ခဲ့ကာ တိုက်ရိုက်နှင့်သွယ်ဝိုက်သော အလုပ်အကိုင်နေရာပေါင်း ၁ ဒဿမ ၃ သန်းကို ဖန်တီး‌ပေးနိုင်ခဲ့ပြီ‌ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းတွင် Google အမှု‌ဆောင်အရာရှိချုပ်  Sundar Pichai ကလည်း အိန္ဒိယဝန်ကြီးချုပ်နှင့်‌တွေ့ဆုံခဲ့ပြီး၊ ဂူဂျာရက်ပြည်နယ် Gandhinagar ရှိ Gujarat International Finance Tec-City (GIFT) တွင် ကမ္ဘာလုံးဆိုင်ရာ fintech ဗဟိုဌာနတစ်ခုကို ဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါဗဟိုဌာနသည် အိန္ဒိယနိုင်ငံ၏ fintech ဦး‌ဆောင်မှုအခန်းကဏ္ဍကို အားဖြည့်ပေးကာ GPay နှင့် အခြားထုတ်ကုန်များကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန် အ‌ထောက်အကူပြုမည်ဖြစ်သည်။  Google ကုမ္ပဏီသည် ဉာဏ်ရည်တုနည်းပညာ (AI) ၌ လုပ်ကိုင်နေသော ကုမ္ပဏီများအပါအဝင် အိန္ဒိယနိုင်ငံ၏ ဒီဂျစ်တယ်‌‌‌ပြောင်းလဲမှုရန်ပုံငွေတွင် အ‌မေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်‌ကြောင်း သိရသည်။ Google ကုမ္ပဏီသည် ဘာသာစကား ၁၀၀ ပါဝင်သည့် စီမံကိန်း၏တစ်စိတ်တစ်ပိုင်းအဖြစ် ၎င်း၏ ပလက်‌ဖေါင်း၌ အိန္ဒိယဘာသာစကားများ ထပ်မံထည့်သွင်းသွားရန် ရည်ရွယ်ထား‌သည်ဟုဆိုသည်။

ယင်းသို့ အ‌မေရိကန်နိုင်ငံ၏ e-commerce နှင့် နည်းပညာကုမ္ပဏီကြီးနှစ်ခု၏ ထုတ်ပြန်ကြေညာချက်များက အိန္ဒိယနိုင်ငံ၏ ဒစ်ဂျစ်တယ်အသွင်ကူး‌‌ပြောင်းမှုနှင့် ၎င်း၏နည်းပညာကဏ္ဍတို့တွင် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်မှုပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန် သိသာထင်ရှား‌စွာ‌‌ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ GIFT မြို့‌တော်သည် ကမ္ဘာလုံးဆိုင်ရာ fintech အချက်အချာနေရာတစ်ခုဖြစ်ပြီး လတ်တ‌လောတွင်  fintech လုပ်ငန်း ၃၅ ခု၊ အပြည်ပြည်ဆိုင်ရာ စ‌တော့‌ဈေးကွက် ၂ ခုနှင့် အိန္ဒိယနိုင်ငံ၏ပထမဦးဆုံး ‌ရွှေနှင့်‌‌ငွေသတ္ထုအတုံးအခဲလိုက်ရောင်းဝယ်နိုင်‌သော‌ ဈေးကွက်(bullion exchange) တို့ရှိရာနေရာလည်းဖြစ်‌‌ကြောင်း သိရသည်။

ရည်ညွှန်း။ The Times of India

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)

 

Category: International News